မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် “Commemorative Ceremony for the 56th Anniversary of Saemaul Undong” အခမ်းအနားသို့ ပါဝင်တက်ရောက်

(၂၂-၄-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၂-၄-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ Korea Saemaul Undong Center ၌ကျင်းပသော Commemorative Ceremony for the 56th Anniversary of Saemual Undong အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ Saemaul Undong သည် တောင်ကိုရီးယားနိုင်ငံ၌ သမ္မတ ပတ်ချုံဟီး (Park Chung-hee) လက်ထက် ၁၉၇၀ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော အစိုးရနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှု အစီအစဉ်ဖြစ်ပြီး ခေတ်မီသော ကျေးလက် အသိုက်အဝန်းဖြစ်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ကျေးလက်နေပြည်သူများ၏ ကြိုးစားအားထုတ်မှု၊ ကိုယ်အားကိုယ်ကိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည့်အပြင် ကျေးလက်နေပြည်သူများ၏ အတွေး အခေါ်ပါ ပြောင်းလဲစေခဲ့သည့် အစီအစဉ်လည်းဖြစ်ပါသည်။ ယနေ့အချိန်ထိ အဖွဲ့ဝင် နှစ်သန်း ကျော်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် Saemual Undong အစီအစဉ်အား ကျေးလက်ဒေသ များတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

*************************

Chargé d’Affaires a.i. /Ambassador U Myo Myint Maung attends “56th Anniversary of Saemaul Undong” Ceremony

(22 April 2026)

Chargé d’Affaires a.i./ Ambassador of the Republic of the Union of Myanmar to the Republic of Korea, H.E. U Myo Myint Maung, attended the Commemorative Ceremony for the 56th Anniversary of Saemual Undong, held at the Korea Saemaul Undong Center on 22 April 2026, in the afternoon.

Saemaul Undong is a rural development initiative launched in South Korea in the 1970 under President Park Chung-hee. It aims to modernize rural communities and reduce poverty. The program has not only developed rural areas through the deligence, self-help, and cooperation of rural people, but also helped change mindsets within rural community. It continues to operate today with more than two million members. The Saemaul Undong program has been successfully implemented in rural areas of Myanmar with assistance from the Republic of Korea.

အသိပေးကြေညာချက်

The Formation of the Union Government of the Republic of the Union of Myanmar

(10-4-2026, Seoul)

The President Office of the Republic of the Union of Myanmar announces the formation of the Union Government of the Republic of the Union of Myanmar, in accordance with Announcement No. 1/2026 dated on 10 April 2026.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

(၁၀-၄-၂၀၂၆ရက်၊ ဆိုးလ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၂၆ ရက်စွဲပါ ကြေညာချက် ၁/၂၀၂၆ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူရင်းမှ ကွယ်လွန်ခဲ့ရသည့် မြန်မာအလုပ်သမားမောင်စန်းယု ၏ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ဆိုးလ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

(ဆိုးလ်၊ ၂-၄-၂၀၂၆)

ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်းဂီပြည်နယ်၊ ဟွာဆောင်းမြို့ရှိ သတ္တုပစ္စည်းနှင့်အစိတ်အပိုင်းများ ထုတ်လုပ်သော MARU TECH စက်ရုံတွင် တရားဝင်လာရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား မောင်စန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အလုပ်လုပ်ကိုင်နေစဉ် စက်အတွင်းခန္ဓာကိုယ် ညပ်ဝင်သွားခဲ့ပြီး ဦးခေါင်းခွံနှင့်မျက်ရိုးများ ကျိုးပဲ့ခြင်း၊ လည်ပင်းဆစ်ရိုးလွဲသွားခြင်းစသည့် ဒဏ်ရာများရရှိ ခဲ့ရာမှ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်း၊ အောက်ဆီဂျင် မရရှိခြင်းတို့ကြောင့် နှလုံးရပ်တန့်သွားခဲ့ပါသည်။

အလုပ်ရှင်မှ ဆူဝမ်မြို့ Ajou တက္ကသိုလ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရာ Cardiac Arrest ကုသမှုကြောင့် နှလုံးပြန်လည်ခုန်ရန် ပြန်လည်ပြုလုပ်နိုင်ခဲ့သော်လည်း အဆုတ်နှင့် သွေးကြောမကြီး များတွင် ဒဏ်ရာရရှိခြင်းနှင့်အတူ နှလုံးခုန်နေမှုသာရှိပြီး ဦးနှောက်အလုပ်မလုပ်တော့သည့် အခြေအနေ တွင် အလုပ်ရှင်သည် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ဆက်သွယ် လာခဲ့ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့က သက်ဆိုင်ရာများနှင့် လိုအပ်သည့်ဆက်သွယ်မှုများပြုလုပ်ပြီး သံရုံးရှိ အလုပ်သမားသံအရာရှိသည် ဆူဝမ်မြို့ရှိ Ajou တက္ကသိုလ် ဆေးရုံသို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် သွားရောက်ကာ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ICU ခန်းအတွင်းရှိ လူနာ၏ အခြေအနေအား ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ရာ မြန်မာအလုပ်သမားလူနာသည် နှလုံးခုန်နေရုံမျှသာ ရှိနေပြီး ဆေးအထောက်အကူပစ္စည်းများဖြင့်သာ အသက်ရှင်နေသည့် အနေအထားတွင် ရှိနေကြောင်း သိရှိခဲ့ရပါသည်။

တစ်ဆက်တည်းမှာပင် ဆိုးလ်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဆွေမျိုးသားချင်းတော်စပ်သူများ ထံ ဆက်သွယ်ပြီး လူနာအခြေအနေကို ရှင်းပြခြင်း၊ မြန်မာနိုင်ငံမှ ဇနီးဖြစ်သူထံ Video Call ခေါ်ဆို၍ အခြေအနေအား ရှင်းပြခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ မောင်စန်းယု၏ဆေးကုသမှု ခံယူနေမှုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည့် ဇနီးဖြစ်သူဒေါ်အိအိသွယ်၏ ဆန္ဒအရ ဆိုးလ်မြို့သို့ လာရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး(ရန်ကုန်မြို့) ထံ ဆက်သွယ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

မောင်စန်းယုသည် ၃၁-၃-၂၀၂၆ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့ရာ သေဆုံးသူ၏ဇနီးဖြစ်သူဒေါ်အိအိသွယ်နှင့် အဒေါ်ဖြစ်သူ တို့ ဆိုးလ်မြို့သို့ လိုက်လာသည့်ခရီးစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

ကွယ်လွန်သူ မောင်စန်းယု၏ ဇနီးဒေါ်အိအိသွယ်နှင့် အဒေါ်တို့သည် အင်ချွန်း အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၂-၄-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ အလုပ်သမား သံအရာရှိက သွားရောက်ကြိုဆိုခဲ့ပါသည်။

သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ကွယ်လွန်သူ၏ ဇနီးဖြစ်သူဒေါ်အိအိသွယ် နှင့် အဒေါ်ဖြစ်သူတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ပါသည်။ မောင်စန်းယုသည် မြန်မာနိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လာရောက်အလုပ် လုပ်ကိုင်သူဖြစ်သဖြင့် လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် သေဆုံးခဲ့ရမှုအတွက် ရသင့်ရထိုက်သည့် အခွင့် အရေးများ အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာများနှင့်ချိတ်ဆက်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသည့် တရားဝင်အလုပ် လုပ်ကိုင်နေသူ အလုပ်သမားများ၊ ပညာတော်သင်များအပါအဝင် အကြောင်းမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ သိရှိရမှုအပေါ်မူတည်ပြီး လိုအပ်သည့် ကူညီဆောင်ရွက် မှုများ၊ ချိတ်ဆက်ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။