(၂၄-၅-၂၀၂၆ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် လိုက်ပါ၍ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် ဖြစ်သည့် Bongeunsa Temple ၏ ကျောင်းထိုင်ဆရာတော် Venerable Wong-myeong အား တွေ့ဆုံနှုတ်ဆက်ပြီး ဓမ္မလက်ဆောင်များ အပြန်အလှန်ဖလှယ်ခဲ့ကြပါသည်။
ဆက်လက်၍ ဆရာတော်ကြီးနှင့်အဖွဲ့သည် ယင်းကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့ တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော်နှင့်အတူ ဂုဏ်ပြုပူဇော်စကားဟောကြားခဲ့ပါသည်။
အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ တရားဓမ္မများ ရွတ်ဆိုခြင်း၊ ဆီမီး ထွန်းညှိခြင်း၊ သာသနာတော်ဆိုင်ရာဆုတံဆိပ်များ ပေးအပ်ခြင်း၊ ဆရာတော်များနှင့် ဗုဒ္ဓ ဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပူဇော်စကားပြောကြားခြင်း၊ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် ဆုမွန်ကောင်းတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ညနေပိုင်းတွင် ဆရာတော်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဆက်လက် ထွက်ခွာခဲ့ရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာသံရုံးဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ပါသည်။
ဗုဒ္ဓမွေးနေ့အခမ်းအနားကျင်းပခဲ့သည့် Bongeunsa Temple သည် ဆိုးလ်မြို့၊ Gangnam ခရိုင်၌ တည်ရှိပြီး နှစ်ပေါင်း (၁,၂၀၀) ကျော် သက်တမ်းရှိသော ရှေးဟောင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဖြစ်ပါသည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့် ရှေးဟောင်းသစ်သား ဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့်နေရာတစ်ခုအဖြစ် ထင်ရှားပါသည်။ နှစ်စဉ် မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် UNESCO ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။
