(၉-၁၀-၂၀၂၆၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ဆိုးလ်မြို့၊ Sejong Centre for the Performing Art ၏ Sejong Grand Theater ခန်းမ၌ ကျင်းပသော ကိုရီးယားအက္ခရာ ဟန်ဂူးလ် (Hangul) တရားဝင်ထုတ်ပြန်ခဲ့ခြင်း နှစ် ၅၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Han Seong-sook တက်ရောက်၍ AI ခေတ်တွင် ကိုရီးယားဘာသာစကားဖြင့် Hangeul အက္ခရာစနစ်၏ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားရန်၊ Hangul အက္ခရာကို ကိုရီးယားပြည်သူများသာမက ကမ္ဘာ တစ်ဝှမ်းရှိ ပြည်သူများပါ နှစ်သက်မြတ်နိုးလာစေရန်နှင့် AI ခေတ်တွင် Hangul အက္ခရာ၏ တန်ဖိုးကို ဆက်လက်ထိန်းသိမ်းရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

AI နည်းပညာက ကိုရီးယားဘာသာစကားကို ပိုမိုနားလည်နိုင်စေရန် AI လေ့ကျင့်ရေးတွင် အသုံးပြုသည့် ကိုရီးယားဘာသာစကား အစုအဝေး (Language Corpora) အမျိုးအစားများကို လက်ရှိ (၁၇၄) မျိုးမှ ၂၀၃၀ ပြည့်နှစ်တွင် (၃၄၀) မျိုးအထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း၊ နိုင်ငံခြား တိုင်းပြည်များတွင် ကိုရီးယားဘာသာစကားသင်ကြားပေးသည့် King Sejong Institute များကို လည်းလက်ရှိ (၂၇၃) ခုမှ ၂၀၃၀ ပြည့်နှစ်တွင် (၃၅၀) ကျော်အထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

အောက်တိုဘာလ ၉ ရက်သည် ကိုရီးယားသမ္မတနိုင်ငံ၏ ကိုရီးယားအက္ခရာ Hangul ကို King Sejong the General ၏ ဦးဆောင်မှုဖြင့် တီထွင်ဖန်တီးခဲ့ခြင်းနှင့် အများပြည်သူ အသုံးပြုရန် တရားဝင်ထုတ်ပြန်ခဲ့ခြင်းကို ဂုဏ်ပြုသည့် အထိမ်းအမှတ် Hangul Day အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ကိုရီးယားဘာသာစကားနှင့် အက္ခရာစနစ်၏ တန်ဖိုးကို အသိအမှတ်ပြုရန်နှင့် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်သည့် အထိမ်းအမှတ်နေ့ လည်းသည်။ ယခုနှစ်သည် ၁၄၄၆ ခုနှစ်တွင် Hangeul အက္ခရာတရားဝင်ထုတ်ပြန်ခဲ့ခြင်း နှစ် ၅၈၀ ပြည့်နှင့် ၁၉၂၆ ခုနှစ်တွင် Hangeul Day စတင်သတ်မှတ်ခြင်း နှစ် ၁၀၀ ပြည့်နှင့် တိုက်ဆိုင်သော ထူးခြားသော နှစ်လည်း ဖြစ်ကြောင်းသိရှိရသည်။

အခမ်းအနားသို့ ကိုရီးယားဘာသာစကားဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၀၀) ကျော်ပါဝင်တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ အထိမ်းအမှတ်အစီအစဉ်များနှင့် Hangul အက္ခရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ခဲ့သူ (၁၀)ဦးအား အစိုးရဂုဏ်ပြုဆုများ ချီးမြှင့် သည့် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။