ကိုရီးယားသမ္မတနိုင်ငံ၊ ချွန်းချောင်းတောင်ပိုင်းပြည်နယ်၊ အာဆန်မြို့ရှိ မြေအောက်လှိုဏ်ခေါင်း ဆောက်လုပ်သည့်လုပ်ငန်းခွင်တွင် တရားဝင်လာရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား မောင်အောင်မင်းဦးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ရာမှ ကွယ်လွန်သွားခဲ့ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့သည် သတင်းသိရှိရမှုအပေါ် ၎င်း၏ကုမ္ပဏီအပါအဝင် သက်ဆိုင်ရာများနှင့် ဆက်သွယ်မှုများ ပြုလုပ်ခြင်း၊ မတော်တဆမှုဖြစ်ပွားရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုပြီး ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ အတူလုပ်ကိုင်သည့် အခြားမြန်မာလုပ်သားများအား တွေ့ဆုံမေးမြန်းခြင်း၊ သေဆုံးခဲ့သည့် အလုပ်သမား၏ ရုပ်အလောင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး ဇနီးဖြစ်သူထံ ဆက်သွယ်အတည်ပြုခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါသည်။

သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများသည် ဖြစ်ပွားခဲ့မှုအပေါ် ကုမ္ပဏီမှလည်းဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိထံ လာရောက်ရှင်းလင်းပြောကြားခဲ့မှုအပေါ် ကွယ်လွန်သူ၏ ဇနီးဖြစ်သူထံ ဆက်လက်အသိပေး ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ဇနီးဖြစ်သူက ၎င်းခင်ပွန်း၏အသုဘကိစ္စရပ်ကို ၎င်းတို့၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလာသဖြင့် လိုအပ်ပါက သံရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယခုအခါ ဇနီးဖြစ်သူ၏ ဆန္ဒအရ သေဆုံးသူ၏ရုပ်အလောင်းအား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ရေး မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်ဆက်သွယ်ခဲ့ရာ လိုအပ်သည့်စာရွက်စာတမ်းများကို ထုတ်ပေးခဲ့ပြီး သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်ကလည်း သေဆုံးသူ မြန်မာနိုင်ငံသား၏ ဇနီးဖြစ်သူအား ကိုယ်တိုင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသည့် တရားဝင်အလုပ်လုပ်ကိုင်နေသူ အလုပ်သမားများ၊ ပညာတော်သင်များအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ သိရှိရမှုအပေါ်မူတည်ပြီး လိုအပ်သည့် ကူညီဆောင်ရွက်မှုများ၊ ချိတ်ဆက်ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးလျက်ရှိပါသည်။