(၂၉-၆-၂၀၂၆၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၉-၆-၂၀၂၆ရက်နေ့၊ နံနက်ပိုင်း၌ ကွမ်အာ့ဂူရှိ ဗိုမြောင်ဆာ (Bomyungsa) ကျောင်းတိုက်တွင် ပြုလုပ်သည့် မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ စံပယ်တော်မူခြင်း (၄၄) ပြည့် အထိမ်းအမှတ် ကုသိုလ်တော်မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ သီရိလင်္ကာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ BTN ဗုဒ္ဓဘာသာ ရုပ်သံလိုင်း၏ ဥက္ကဋ္ဌ ဆရာတော် မူဗုံး ဆောင်းအူ (Mubong Seongwoo) မဟာထေရ်နှင့် ဆိုးလ်မြို့ ကွမ်အာ့ဂူရှိ ဗိုမြောင်ဆာ (Bomyungsa) ကျောင်းတိုက်၏ ဦးစီးပဓာနနာယက သီလရှင်ဆရာတော်ကြီး ဆန်းဝန်း (Sangwon)၊ ဆရာတော်၊ သံဃာတော် နှင့် သီလရှင်များ၊ သီရိလင်္ကာ သံရုံးမှ သံအမတ်ကြီး H.E. Marimuththu Karuppaia Pathmanaathan၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူတို့လည်း တက်ရောက် ခဲ့ခြင်းဖြစ်ပါသည်။

အခမ်းအနားတွင် BTN ဗုဒ္ဓဘာသာရုပ်သံလိုင်း၏ ဥက္ကဋ္ဌ ဆရာတော်၊ ဗိုမြောင်ဆာ ကျောင်းတိုက် ဦးစီးပဓာနနာယက သီလရှင်ဆရာတော်ကြီးတို့က အဖွင့်ပူဇော်စကား ပြောကြားခြင်း၊ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် သီရိလင်္ကာသံအမတ်ကြီးနှင့် မြန်မာနိုင်ငံ သံရုံးယာယီ တာဝန်ခံ/ သံအမတ်ကြီးတို့က ပူဇော်စကားပြောကြားခြင်းအပါအဝင် သာသနာရေးဆိုင်ရာ အခမ်းအနားကျင်းပမှုအတိုင်း ဆုတောင်းခြင်း၊ ဝတ်ပြုပူဇော်ခြင်း မေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

သရီရဓာတ်တော်များသည် လွန်ခဲ့သော ၁၉၈၂ ခုနှစ်က သီလရှင်ဆရာတော်ကြီး ဆန်းဝန်း သည် သီရိလင်္ကာနိုင်ငံ၏ ရှေးဦးဆုံးသော ဗုဒ္ဓဘာသာကျောင်းတော်ဖြစ်သည့် အဆူရုမုနိ (Isurumuniya) ကျောင်းတော်သို့ သွားရောက်ဖူးမြော်စဉ် အဆိုပါကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ သံဃရက္ခိတ မဟာထေရ်ထံမှ လှူဒါန်းကုသိုလ်ပြုမှုကြောင့် ကိုရီးယားနိုင်ငံသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။