(၂၄-၁၀-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၄-၁၀-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်း တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ Eunpyeong-gu မြို့နယ်၊ Jinkwansa Temple ၌ ကျင်းပ ပြုလုပ်သည့် “2026 Jinkwansa National Suryukjae” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးမှ သံဃာတော်များ နှင့် သီလရှင်ဆရာကြီးများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဆိုးလ်အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် စိတ်ပါဝင်စားကြသူများ စုစုပေါင်း အင်အား(၁၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

ယင်းအခမ်းအနားသည် ကိုရီးယားသမ္မတနိုင်ငံ၏ နှစ်ပေါင်း (၆၀၀)ကျော် သမိုင်းကြောင်းရှိသော ဗုဒ္ဓဘာသာ ရိုးရာပူဇော်ပွဲတစ်ခုဖြစ်ပြီး (၁၃၉၇)ခုနှစ်၊ ဂျိုဆွန်းမင်းဆက်ကို တည်ထောင်ခဲ့သော ဘုရင် Taejo လက်ထက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ဘိုးဘေးဘီဘင်များ၊ စစ်ပွဲနှင့် သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးခဲ့သူများကို ရည်စူး၍ ကုသိုလ်ပြုခြင်း၊ သတ္တဝါအားလုံး ၏ ချမ်းသာသုခနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို အဓိကထား ဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါသည်။

ယခု ၂၀၂၆ ခုနှစ် ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်းလုံးသည် မိသားစုတစ်စုတည်းဖြစ်သည် – စည်းလုံး ညီညတ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး” ဖြစ်ပါသည်။ အခမ်းအနား အစီစဉ်အရ ဗုဒ္ဓဘာသာဆိုင်ရာ ဆုတောင်း မေတ္တာပို့သခြင်း၊ ရိုးရာအလှူ ပူဇော်ခြင်း၊ တရားဓမ္မများ ဟောကြားခြင်း၊ ယဉ်ကျေးမှု ပဒေသာများဖြင့် ဖျော်ဖြေခြင်းနှင့် ကွယ်လွန်သူများအား ကုသိုလ်အမျှဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

ယင်းအခမ်းအနားကို ၂၀၁၃ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။